မန္တလေး စာပေဖြန့်ချိရေး ဈေးကွက်သည် စာအုပ် အငှားဆိုင်များကို အဓိက အားကိုးအားပြုခဲ့ရာမှ စာအုပ်အငှားဆိုင်များ ပိတ်သိမ်းသွားချိန်တွင် ဈေးကွက်သည် နိုင်ငံရေး၊ ဘာသာရေး စာအုပ်စာပေ ရောင်းချရမှုနှင့် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ၊ အပတ်စဉ် ဂျာနယ် အရောင်းအဝယ်များကိုသာ အားထားနေရကြောင်း မန္တလေးအခြေစိုက် စာအုပ် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး အရောင်းဆိုင်များထံမှ သိရှိရသည်။
အစိုးရသစ် ကူးပြောင်းသည့်ကာလ စာအုပ်ဈေးကွက်မှာ ဆုတ်ယုတ်မှု မရှိသော်လည်း တိုးတက်လာမှု နည်းပါးကြောင်း၊ မန္တလေး စာအုပ်စာပေ ဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်သည် မန္တလေးတိုင်း ဒေသကြီးအပြင် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့ကြီးများအထိ ကြီးမား ကျယ်ပြန့်ပြီး အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော စာအုပ် အငှားဆိုင်များက မန္တလေး ဈေးကွက်မှ မဂ္ဂဇင်း၊ ကာတွန်း၊ ဝတ္ထုများ အပါအဝင် စာအုပ်၊ စာပေ ဝယ်ယူကြကြောင်း၊ ယခုအခါတွင်မူ စာအုပ်အငှားဆိုင် အများစု ရပ်ဆိုင်းသွားသဖြင့် မန္တလေး စာအုပ်၊ စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်သည် အပျက်ဘက်ကို ဦးတည်နေပြီ ဖြစ်ကြောင်း မန္တလေး စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။
“အရင်ကဆိုရင် လွိုင်ကော်အထိ စာအုပ် အငှားဆိုင်တွေအတွက် မဂ္ဂဇင်းတွေ၊ ကာတွန်းတွေ၊ ဝတ္ထုတွေကို မန္တလေးကနေ ပို့ပေးရတယ်။ အခုနောက်ပိုင်း စာအုပ် အငှားဆိုင်တွေ မရှိတော့တဲ့အတွက် လွိုင်ကော် ဈေးကွက်လည်း မရှိတော့ဘူး” ဟု မန္တလေး ထွန်းဦးစာပေမှ ဦးထွန်းဦးက ပြောကြားသည်။
ယခင်က မန္တလေးမြို့တော်တွင် မြို့နယ်၊ ရပ်ကွက်များနှင့် ကျေးရွာများ ပါမကျန် စာအုပ်အငှားဆိုင်များ အပြိုင်အဆိုင် ဖွင့်ခဲ့ကြသော်လည်း သတင်းအချက်အလက်နှင့် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာချိန်တွင် စာအုပ် အငှားဆိုင်များသည် VCD၊ DVD ဇာတ်ကား အခွေအငှားဆိုင်နှင့် အခွေ အရောင်းဆိုင်များ အဖြစ် အသွင် ပြောင်းလဲသွားကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်း သိရှိရသည်။
“အရင်တုန်းကတော့ စာအုပ်အငှားဆိုင်က ရတဲ့ဝင်ငွေက လုံလောက်ရုံတင် မကဘူး၊ ပိုတောင် ပိုသေးတယ်။ အရင်က ကိုယ့်ဆိုင်မှာ လာငှားတဲ့ ဖောက်သည်တွေတောင် အခွေသစ် ကြည့်နေလို့ စာမဖတ်ဖြစ်ဘူး ဆိုတာတွေ ဖြစ်လာတယ်။ ကိုယ်တွေတောင် စာအုပ်အငှားဆိုင် မဖွင့်တော့ဘဲ အခွေငှားဆိုင် ဖွင့်ဖို့ စဉ်းစားမိသေးတယ်။
ဒါပေမဲ့ စာအုပ်အငှားဆိုင် ဖွင့်လာတာလည်း နှစ် ၂၀ ကျော်နေပြီ။ စာအုပ် အငှားဆိုင်တွေ လုံးဝ ပျောက်ကွယ်သွားမှာ စိုးလို့ ဆက်ပြီး ဖွင့်နေတာ။ အမြတ်အစွန်းအရ ကြည့်မယ်ဆိုရင် ကိုယ်ကတောင် အိတ်စိုက်ရသေးတယ်။ ခုခေတ်မှာ စာအုပ်အငှားဆိုင်တွေ ရေရှည် ရပ်တည်ဖို့ဆိုတာ တကယ်ကို မလွယ်တော့ဘူး” ဟု မန္တလေးမြို့တွင် ၁၉၉၃ ခုနှစ်ကတည်းက စာအုပ်အငှားဆိုင် ဖွင့်ခဲ့သူ အသက် ၅၀ အရွယ် စာအုပ်အငှားဆိုင် ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
မန္တလေးမြို့ပေါ်တွင် စာအုပ်အငှားဆိုင် အရေအတွက် အလွန်နည်းပါးလျက် ရှိပြီး လုပ်ငန်း ပိတ်သိမ်းခြင်း မပြုဘဲ ဆက်လက် ဖွင့်လှစ်နေသည့် စာအုပ်အငှားဆိုင် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရနိုင်သည်အထိ နည်းပါးလာကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
“တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် စာအုပ်စာပေက ကျဆုံးမသွားဘူး။ ဒါပေမဲ့ မန္တလေး အနေအထားအရဆိုရင်တော့ စာပေလောကက အားနည်းနေသေးတယ်။ စာအုပ်အငှားဆိုင်တွေ ရှားပါးသွားတာကလည်း မန္တလေးရဲ့စာဖတ်အားကို လျော့သွားစေတယ်” ဟု မန္တလေးမြို့၊ ဥတ္တရလွင်ပြင် စာပေမှ ဦးသန်းဌေးက သုံးသပ် ပြောဆိုသည်။
မန္တလေးစာအုပ်၊ စာပေ ဈေးကွက်တွင် နိုင်ငံရေးနှင့် ဘာသာရေး စာအုပ်များသာ အဓိက ဝယ်လိုအား ရှိသော်လည်း သုတ၊ ရသ၊ အတ္ထုပ္ပတ္တိနှင့် ပညာရပ်ဆိုင်ရာ စာအုပ်များ၏ ဝယ်လိုအားမှာ ပုံမှန် အခြေ အနေထက် မပိုကြောင်း၊ အငှားဆိုင်များ၏ စာအုပ်စာပေ ဝယ်ယူမှု လျော့ကျချိန် ကိုယ်ပိုင် ဝယ်ယူကြသည့် ပုဂ္ဂလိက စာဖတ်ပရိသတ်များကိုသာ အားထားနေရကြောင်း မန္တလေးမြို့မှ စာပေ လုပ်ငန်းရှင်များက ဆိုကြသည်။
မန္တလေးစာအုပ်၊ စာပေဈေးကွက် စာအုပ်အငှားဆိုင်များ ပျောက်ဆုံးခြင်း၏ နောက်ဆက်တွဲအဖြစ် မန္တလေးအခြေစိုက် ထုတ်ဝေသော ဖက်ရှင်မဂ္ဂဇင်းများ ရပ်ဆိုင်းသွားကြောင်း ဈေးကွက် သတင်း အချက်အလက်များအရ သိရှိရသည်။
“မန္တလေး အခြေစိုက်ပြီး ထုတ်ဝေတဲ့ မဂ္ဂဇင်းဆိုရင် အရင်က icon၊ Fashion Time၊ Celebrity တို့ရှိခဲ့တယ်။ အခု မရှိတော့ဘူး။ မဂ္ဂဇင်းတစ်အုပ်ရဲ့တန်ဖိုးက များတယ်။ တစ်ယောက်တည်း အပိုင် ဝယ်ဖတ်ဖို့ဆိုရင် လတိုင်း ဝယ်ရမယ်။ လတိုင်း သူ့အတွက် ငွေသုံးရမယ်။ အရင်တုန်းကဆိုရင်တော့ မဂ္ဂဇင်း၊ ကာတွန်းဆိုတာ အငှားဆိုင်တွေကနေ ငှားဖတ်ရတာပေါ့။ ခုနောက်ပိုင်း အငှားဆိုင်တွေ မရှိသလောက် ဖြစ်သွားတော့ မဂ္ဂဇင်း ဈေးကွက်က မကောင်းတော့ဘူး၊ မကောင်းတော့ ဘယ်သူက အရှုံးခံနိုင်တော့မှာလဲ။ အဲဒီတော့ ထုတ်ဝေရေး လုပ်တော့မယ်ဆိုရင် ဒီလောကထဲကို ငွေအလုံး အရင်းနဲ့ ခြေစုံပစ် ဝင်လာဖို့လိုတယ်။ လူဦးရေ သန်း ၄၀ လောက်တုန်းက ရောင်းရတဲ့ စာအုပ်အရေအတွက်နဲ့ အခုလူဦးရေ သန်း ၆၀ မှာ ရောင်းရတဲ့ စာအုပ် အရေအတွက်က အတူတူပဲ ဖြစ်နေတဲ့အတွက် ဈေးကွက် အနေအထားအရတော့ ယုတ်လျော့ မသွားဘူး၊ ဒါပေမဲ့ တိုးလည်း တိုးမလာဘူး” ဟု ဦးသန်းဌေးက ဆိုသည်။
နိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်အကိုင် ရရှိမှု နည်းပါးခြင်းနှင့် ဆင်းရဲမွဲတေမှုများသည် စာပေဈေးကွက်အပေါ် သက်ရောက်မှု ရှိနေချိန် ခေတ်မီ တိုးတက်လာသော နည်းပညာ အသစ်အဆန်းများကြောင့် စာအုပ်၊ စာပေဈေးကွက်ပိုမို ထိခိုက်စေလာသည်ဟု စာအုပ်၊ စာပေ ဖြန့်ချိရေးနှင့် ထုတ်ဝေရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။
“အီလက်ထရွန်နစ် နည်းပညာတွေ ရဲ့ လွှမ်းမိုးမှုနဲ့ တိုင်းပြည်ရဲ့ စားဝတ်နေရေးအရ စာဖတ်ဖို့ အချိန်မပေးနိုင်ကြတော့ဘူး။ တီဗီတစ်လုံး၊ ဒီဗီဒီ စက်တစ်လုံးရဲ့တန်ဖိုးကလည်း ဘယ်လောက်မှ မရှိတော့ဘူး။ တီဗီတစ်လုံးရှိရုံနဲ့ တစ်မိသားစုလုံး ကြည့်လို့ ရတယ်။ အခွေငှားခကလည်း တစ်ရက်ကို ဘယ်လောက်မှ မရှိဘူး။ ရက်လွန်သွားရင်တောင် တစ်ရက်စာလုံး ပေးစရာမလိုဘူး။ စာအုပ်တစ်အုပ် ငှားဖတ်ရင် တစ်မိသားစုလုံး ဖတ်လို့မရဘူး။ သူ့အတွက် အချိန်ပေးရမယ်။ ရက်လွန်သွားရင်လည်း တစ်ရက်စာလုံး ပေးရတယ်။ တစ်အိမ်လုံး ဖတ်ဖို့အတွက် အပိုင်ဝယ်ထားမယ်ဆိုရင်လည်း ဈေးက ကြီးသေးတယ်။ ဒါတွေကလည်း စာအုပ်ဈေးကွက်ကို ရိုက်ခတ်တဲ့ အဓိက အကြောင်းအရာ တွေပဲ” ဟု ဖူလုံစာပေ ဖြန့်ချိရေး လုပ်ငန်းရှင် ဦးမြဆောင်က သုံးသပ်သည်။
ယခုအခါ စာဖတ်ခြင်းအစား အင်တာနက်သုံးခြင်း၊ ကွန်ပျူတာ ဂိမ်းကစားခြင်း၊ ဇာတ်လမ်းခွေ ကြည့်ခြင်းတို့ကြောင့် လူတိုင်း စာဖတ်ချိန် နည်းလာကြောင်း အင်ဂျင်နီယာ ဘာသာရပ်ကို လေ့လာနေသည့် အသက်၂၁ အရွယ် ကျောင်းသားတစ်ဦးက ပြောကြားသည်။
“အရင်တုန်းက လမ်းထိပ်မှာ စာအုပ်အငှားဆိုင် ရှိတယ်။ အခုတော့ အဲဒီဆိုင်က ပိတ်သွားပြီ။ အိမ်နဲ့အနီးဆုံး စာအုပ်ဆိုင်ဆိုတာကလည်း အိမ်နဲ့ အတော်ဝေးတယ်။ အဲဒီကို ဆိုင်ကယ်နဲ့ သွားရတယ်။ တကူးတကကြီး သွားရတာဆိုတော့ မသွားချင်တော့ဘူးလေ။ ပြီးတော့ စာအုပ်ငှားရင် ရက်လွန်ကြေးက ဈေးကြီးတယ်။ တစ်ရက်နဲ့ ဖတ်လို့ မပြီးတဲ့ စာအုပ်တွေလည်းရှိတော့ ရက်လွန်ကြေး ဈေးကြီးတာနဲ့တင် မငှားဖြစ်တော့ဘူး။ ဖတ်ချင်တဲ့စာအုပ်ကိုပဲ တစ်ခါဝယ်ရင် ငါးအုပ်လောက် ဝယ်ထားလိုက်တော့တယ်။ စာအုပ်ဆိုင် မရှိတော့ နေ့တိုင်းတော့ စာမဖတ်ဖြစ်တော့ဘူး။ အိမ်မှာပဲ မိသားစုလိုက် ဇာတ်ကား ငှားကြည့်တာလောက်ပဲ ရှိတော့တယ်။ တစ်ခွေမှ သုံးရာ လောက်ပဲ ပေးရတယ်လေ။ စာအုပ်နေ့တိုင်း မငှားဖြစ်တော့လို့ နေ့တိုင်း မဖတ်ဖြစ်တော့တာတော့ မှန်တယ်။ ဒါပေမဲ့ စာဖတ်ချင်တဲ့သူကတော့ ရအောင် ရှာဖတ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။
စာပေစိစစ်ရေး မရှိတော့သည့် နောက်ပိုင်းတွင် စာအုပ်ထုတ်ဝေသူများ အလုံးအရင်းလိုက် ပေါ်လာပြီး စာအုပ် ရောင်းဝယ် ဈေးကွက်သည် ပုံစံပြောင်းလဲမှုများ ပေါ်ထွန်းလာသည်ဟု စာပေဖြန့်ချိရေး လုပ်ကိုင်သူ အချို့က ပြောဆိုသည်။
“စာပေစိစစ်ရေး မရှိတော့တဲ့အတွက် ထုတ်ဝေသူတွေလည်း အလုံးလိုက် အရင်းလိုက် ဖြစ်လာတဲ့အတွက် ရွေးချယ်စရာတွေတော့ များလာတယ်။ ဈေးကွက် ထိုးဖောက်မှု ပုံစံတွေလည်း ပြောင်းလာတယ်။ စာရေးဆရာတွေ ကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းတဲ့ စာအုပ်မျိုးဆိုရင် တစ်ထိုင်တည်းနဲ့ အများကြီး ရောင်းရတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းတဲ့ စာအုပ်မျိုးပေါ့” ဟု မန္တလေး အခြေစိုက် စာပေဖြန့်ချိရေး လုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။
စာအုပ်စာပေ ဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်တွင် အပြိုင်အဆိုင် ယှဉ်ပြိုင်မှုများ ရှိနေသည့်အပြင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဈေးကွက် အရောင်းမြှင့်တင်ခြင်းများလည်း ရှိကြောင်း၊ စာအုပ်တိုက်ပေါင်းစုံ ပူးပေါင်း၍ စာအုပ် အရောင်းပွဲတော်များ ပြုလုပ်ခြင်း၊ ရာခိုင်နှုန်းအလိုက် လျှော့ဈေးဖြင့် စာအုပ် အရောင်းပွဲတော် ပြုလုပ်ခြင်းများဖြင့်လည်း စာဖတ်သူကို စွဲဆောင်ကြကြောင်း အလင်္ကာစာပေ ထုတ်ဝေရေးနှင့် ရာပြည့် မန္တလေးစာအုပ် အရောင်းဆိုင် လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးပုညဆွေက ပြောကြားသည်။
“မြန်မာလူမျိုးက ပွဲဆိုရင် မက်တယ်။ အဲဒီတော့ စာအုပ်အရောင်း ပွဲတော်တို့ ဘာတို့ လုပ်ပေးပြီးတော့ စာအုပ်တွေကိုလည်း ကိုယ့်တိုက်ထုတ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်း၊ သူများတိုက်ကဆိုရင် ဘယ် လောက် ရာခိုင်နှုန်းဆိုပြီး လျှော့ဈေးတွေနဲ့ ရောင်းပေးလိုက်တော့ အဲဒီအချိန်တွေဆိုရင် ရောင်းရတယ်။ တစ်နှစ်ကို ခြောက်ခါလောက်တော့ စာအုပ်ဈေးပွဲတော် လုပ်ဖြစ်တယ်။ ဒါပေမဲ့ မန္တလေးမှာက စာဖတ်အား နည်းသေးတာတော့ အမှန်ပဲ” ဟု ဦးပုညဆွေက ဆိုသည်။
ဥတ္တရလွင်ပြင် စာပေမှ ဦးသန်းဌေးက “မန္တလေးမှာက စီးပွားရေးပဲ ဖွံ့ဖြိုးတယ်။ မြို့ကြီးဆိုပေမယ့် မြို့ပြလိုအသိမျိုး အားနည်းသေးတယ်။ မန္တလေးရဲ့စာဖတ်အားက အရမ်းနည်းသေးတယ်။ ခုခေတ် ကလေးတွေကလည်း ကျောင်းနဲ့ ကျူရှင်နဲ့ လုံးလည် လိုက်နေတယ်။ အားတဲ့အချိန်မှာ ကလေး တွေက စာဖတ်ချင်ရင်တောင် မိဘက ကျောင်းစာပဲ ဖတ်ဖို့ပြောတယ်။ အဲဒီတော့ ကလေးစာပေ ဈေးကွက်ကလည်း အားရစရာ မရှိဘူး” ဟု ဆိုသည်။
မန္တလေးတွင် ကဗျာဆရာများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ များပြားသော်လည်း ကိုယ်တိုင် စာအုပ်ရေး၊ စာအုပ် ထုတ်ဝေမှု ရှိလာကြောင်း၊ သို့ရာတွင် စီးပွားဖြစ် စာအုပ် ထုတ်ဝေရေး လုပ်ကိုင်သူ အရေအတွက်မှာ နည်းပါးနေဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းထံမှ သိရှိရသည်။
စာအုပ်၊ စာပေ ထုတ်ဝေရေးလုပ်ငန်း သည် အကျိုးအမြတ်ကို တွက်ထား၍ မရဘဲ စာပေ ချစ်မြတ်နိုးသည့် စိတ်အခံနှင့် ငွေလုံး ငွေရင်း စိုက်ထုတ် ရင်းနှီးလုပ်ကိုင်မှသာ ရေရှည် လုပ်ကိုင်နိုင်သော လုပ်ငန်း ဖြစ်ခြင်းကလည်း ထုတ်ဝေရေး လုပ်ငန်းလုပ်ကိုင်သူ နည်းပါးစေသော အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု ဦးပုညဆွေက ဆိုသည်။
“စာပေလုပ်ငန်းက ရလာမယ့် အကျိုးအမြတ်ဆိုတာကို မျှော်မှန်းထားလို့ မရဘူး။ ခေတ်အခြေအနေအရ စာအုပ် ထုတ်ဝေမှုကလည်း စရိတ် ကြီးမြင့်လာတော့ စာအုပ် ဈေးနှုန်းတွေကလည်း တက်လာတယ်။ စားဝတ်နေရေးနဲ့ ယှဉ်လိုက်ရင် စာအုပ်ဝယ်ဖို့က တော်တော်လေး စဉ်းစားနေရပြီ။ အဲဒီတော့ ကိုယ်တွေအနေနဲ့ကလည်း စာအုပ်ဆိုင်တွေ ပျောက်ပျက်မသွားအောင်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်နေကြတာပါ” ဟု ဦးပုညဆွေက ဆိုသည်။
စာအုပ်၊ စာပေ ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းရှင်များသည် ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းရှင်များ အဓိက ကြုံတွေ့ရသည့် အခက်အခဲမှာ အကြွေးကျခြင်း၊ အကြွေးပြန်လည် မရရှိခြင်းတို့ ဖြစ်ကြောင်း ဈေးကွက် အတွင်းထံမှ စုံစမ်း သိရှိရသည်။
“ဖြန့်ချိရေးသမားတွေအတွက် အဓိက အခက်အခဲက ငွေလွှဲ မမှန်တာ။ နယ်ဘက်တွေကိုတော့ ကြွေးထားသင့်တာ ထားရပြီး ရန်ကုန်ကိုတော့ သတ်မှတ်ချိန် အမီပေးရတယ်။ ဒါကြောင့် ဖြန့်ချိရေးသမားတွေက လူပန်းတယ်။ စိတ်ပန်းတယ်။ ပြီးတော့ ငွေပန်းတယ်” ဟု ဦးထွန်းဦးက ဆိုသည်။
အခက်အခဲများစွာ ရှိနေသည့် စာအုပ်၊ စာပေ ဖြန့်ချိရေးနှင့် ထုတ်ဝေရေးလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ထောက်ပံ့မှုများ လိုအပ်ပြီး စာအုပ်၊ စာပေများသည် တိုင်းပြည်၏ အနာဂတ်များပင် ဖြစ်ကြောင်း၊ စာအုပ်၊ စာပေဈေးကွက် နိမ့်ကျခြင်းသည် တိုင်းပြည်၏ အသိပညာ နိမ့်ကျခြင်း ဖြစ်ပြီး လူမျိုးတစ်ခု၏ စာပေအဆင့်အတန်း နိမ့်ကျခြင်းဟုလည်း ဆိုနိုင်ကြောင်း၊ စာပေ အဆင့်အတန်း မြင့်မားရေးသည် ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်မှုနှင့် တိုက်ရိုက် အချိုးကျနေကြောင်း မန္တလေးစာပေ အသိုင်းအဝိုင်းက သုံးသပ်သည်။
“စာအုပ် အရေအတွက် တိုးထုတ်ဖို့ဆိုရင် ပြည်သူတွေရဲ့ အခြေခံ ဝင်ငွေကောင်းမှသာ အားလုံးနီးပါး စာအုပ် ဝယ်နိုင်မယ်” ဟု ဦးထွန်းဦးက ပြောဆိုသည်။
(ခန့်ခန့်)
The Voice Weekly
0 comments :
Post a Comment