Welcome to Popular Ten News

သင့်အတွက် မင်္ဂလာရှိသော အချိန်လေးဖြစ်ပါစေ ။ Created By Admin RZ


အလုပ်တစ်ခုကိုရှာတဲ့အခါ လစာတစ်ခုတည်းကိုသာအဓိကထားမကြည့်သင့်ပါဘူး။လစာအပြင် တန်ဖိုး၇ှိတဲ့ ပညာနဲ့ အတွေ့အကြုံ ၊ ကျွမ်းကျင်မှု တစ်ခုခု ရရှိတဲ့ အလုပ်ဖြစ်ရမယ်။ အဲဒါတွေမရတဲ့အလုပ်ကို လုပ်နေ ရရင်တော့ အမြန်ဆုံး အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။ လူငယ်တွေအတွက် အချိန်က အလွန် အေ၇းကြီးပါတယ်၊ အလုပ်ချိန်အရမ်းများပြီး အလုပ်ချိန်ပြင်ပမှာ မိမိတက်ရောက်လိုတဲ့ သင်တန်းတွေ တက်ရောက်နိုင်ဖို့ မိမိ လေ့လာလိုတဲ့ ပညာရပ်တွေဆည်းပူးဖို့ အချိန်မရတဲ့ အလုပ်မျိုးမှာလည်း ရေရှည် မလုပ်သင့်ပါဘူး။
  • အလုပ်တစ်ခုခုရရင်ပြီးရော သဘောမထားဘဲ မိမိနဲ့ကိုက်ညီတဲ့ မိမိရဲ့ ဘ၀ တက်လမ်းကို အထောက်အကူပြု စေမယ့် အလုပ်ကို ရွးချယ်လျှောက်ထားတတ်ဖို့အရေးကြီးပါတယ်၊လူငယ်တိုင်းမှာတစ်နေ့ဘာဖြစ်ချင်တယ် ဆိုတဲ့ ရေရှည်ကိုမျှော်ကိုးတဲ့ရည်မှန်းချက်မျိုး အကြမ်းဖျင်းဘဲ ဖြစ်ဖြစ် ရှိဖို့လိုအပ်ပါတယ်၊ အဲဒီအတွက် မိမိမှာ ဖြည့်စွက်ရမယ့် အရည်အချင်းတွေကိုလည်း ကောင်းစွာသိရှိရပါမယ်၊ မိမိလုပ်တဲ့အလုပ်တွေဟာ တစ်ချိန်မှာ မိမိဖြစ်ချင်တဲ့ မိမိရည်မှန်းထားတဲ့ အလုပ်နဲ့ ဆက်စပ်မှုရှိရင် အကောင်းဆုံး ပါပဲ။
  • မိမိလျှောက်မယ့်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း လေ့လာရပါမယ်။ ကြိုးစားရင်ကြိုးစား သလောက် လုပ်သက်ရင့်လာရင် ရင့်လာသလောက် မိမိရရှိလာတဲ့အတွေ့အကြုံနဲ့လုပ်ငန်းကျွမ်းကျင်မှု အပေါ်မူတည်ပြီး အဆင့်ဆင့် ရာထူး တက်သွားနိုင် စရာရှိသလား၊ တက်လမ်းရှိသလားဆိုတာကို လေ့လာထား သင့်ပါတယ်၊ အချို့အလုပ်က လုပ်သက် ၁၀ နှစ် ၁၅ နှစ်ပင်လုပ်သော်လည်း အလုပ်စ၀င်တုန်းကရာထူးထက် ပိုကြီးတဲ့ ရာထူး နေရာကို တိုးပေးစရာမရှိတာမျိုး တက်လမ်းပိတ်နေတာမျိုးရှိတတ်ပါတယ်။
  • ရည်မှန်းချက်ကို တတ်နိုင်သမျှ မြင့်မြင့် ထားရှိရပါမယ်၊ ဥပမာ- မိမိစတင်လျှောက်မယ့် အလုပ်က စာရင်းကိုင် အလုပ်ဖြစ်တယ်ဆိုရင် တစ်ချိန်မှာ စာရင်းကိုင်ချုပ်ဖြစ်ရမယ် ဒါမှမဟုတ်လဲ အမှု ဆောင်အရာရှိချုပ်ဖြစ် ရမယ် စတဲ့ ရည်မှန်းချက်မျိုးထားရှိသင့်ပါတယ်။ လုပ်ငန်းအသေးမှာ အလုပ်လျှောက်တာထက် အတွေ့အကြုံ ပိုရမယ့် လုပ်ငန်းအလတ် အကြီးတွေမှာ လျှောက်တာပိုကောင်းပါတယ်။ အလုပ်ထဲမှာ မိမိထက်အတွေ့အကြုံပိုရှိတဲ့ သူရဲ့လက်အောက်မှာ လုပ်ရရင် လက်တွေ့ လုပ်ငန်းမှာ ပိုမိုကျွမ်းလာမှာ ဖြစ်ပါတယ်၊ မိမိနဲ့ တွဲလုပ်ရမယ့်သူက မိမိ အရည်အချင်းတွေ ပိုတောက်ပြောင်လာအောင်  မြှင့်တင်ပေးနိုင်တဲ့သူ ဖြစ်ရင်တော့ အကောင်းဆုံးပါဘဲ။
အလုပ်လျှောက်တဲ့ အခါမှာ စစ်မရောက်ခင် မြားကုန်တဲ့ စိတ်ဓါတ်မျိုး လုံးဝမထားရှိအပ်ပါဘူး။ မိမိနဲ့ သင့်လျော်တဲ့အလုပ်တစ်ခုခု ရကိုရရမယ်ဆိုတဲ့စိတ်ထားမျိုးသာ ထားရှိသင့်ပါတယ်၊ အချို့ လူငယ်တွေက လျှောက်ထားတဲ့သူထောင်သောင်းချီရှိတဲ့ အလုပ်မျိုးဆို လျှောက်ရင်လည်းရမှာ မဟုတ်ဘူးဆိုပြီး အားလျော့ ကာ မလျှောက်ချင်ကြတော့ပါဘူး၊ လျှောက်တဲ့အခါမှာလည်း သိပ်အားမထည့်တတ်ကြဘူး။ စင်စစ် အလုပ် တစ်ခုကို လျှောက်တဲ့အခါ အရွေးမခံရရင်တောင် ကိုယ့်အတွက် အရှုံးမရှိဘူး၊ အတွေ့အကြုံရပါတယ်၊
  • နောင်ဒီထက်ကောင်းတဲ့မိမိအတွက်ဒီထက်အကျိုးရှိမယ့်အလုပ်ကိုလျှောက်တဲ့အခါ အထောက်အကူ ဖြစ်တယ်ဆိုတာကို သေသေချာချာသဘောပေါက်နားလည်ထားသင့်တယ်၊ပေါ့ပေါ့ဆဆသဘောမထားသင့်ဘူး။
  • ဒါ့အပြင် အလုပ်ခေါ်တဲ့ကြော်ငြာမှာ ပြောထားတဲ့အရည်အချင်းအချို့ မိမိမှာမရှိဘူးဆိုပြီးတော့လည်း စိတ်အား မလျော့သင့်ဘူး၊ အချို့ လူငယ်တွေက အင်္ဂလိပ်စာမှာ လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိသေးဘူး၊ လုပ်ငန်းအတွက် လုံလောက်တဲ့ အရည်အသွေးမရှီဘူးလို့ မိမိကိုယ်ကို ထင်တတ်ပြီး အလုပ်လျှောက်ဖို့ မိမိကိုယ်ကို ယုံကြည်ချက် မရှိကြပါဘူး။ လိုအပ်တဲ့ အရည်အချင်းကို မိမိစိတ်တိုင်းကျ ပြည့်စုံအောင်ဖြည့်စွက်ပြီးမှ အလုပ်ရှာမယ်ဆိုရင် အသက်သာ ကြီးလာပြီး အလုပ်ရဖို့ ပိုမိုခက်ခဲသွား နိုင်ပါတယ်၊။ မိမိအရည်အချင်းကို မှန်မှန်ကန်ကန် သုံးသပ်တတ်ရပါမယ်၊ ရှိရင်းထက် ပိုပိုသာသာ ထင်ထားတာမျိုး မဖြစ်သင့်သလို မိမိအရည်အချင်းကို အထင်သေးပြီး စိတ်ပျက် အားငယ်စရာလည်းမလိုပါဘူး။ လုပ်ငန်းခွင်ထဲရောက်မှသာ မိမိမှာ တကယ် လိုအပ်နေတဲ့အရည်အချင်းတွေကို ပိုသိလာမှာ ဖြစ်ပြီး မိမိအရည်အသွေးတွေပိုတောက်ပြောင်လာအောင် ကြိုးစား ပြုပြင်ဖြည့်ဆီးသွားနိုင်မှာ ဖြစ်ပါတယ်။
  • အလုပ်များများကိုလျှောက်ဖူးပြီး အင်တာဗျူးများများဖြေဖူး လာတဲ့အခါ မိမိအတွက် အလုပ်ရနိုင်ဖို့ အခွင့်အလမ်း ပိုရှိလာမှာပါ။ မိမိကြိုးစားသင်ယူလိုကြောင်း အင်တာဗျူးမှာ အလုပ်ရှင် သိအောင် ပြောပြနိုင်ရင်လည်း ကောင်းပါတယ်၊ မိမိနဲ့တွဲဘက်လုပ်ရမယ့်သူတွေက မိမိထက် လုပ်ငန်း အတွေ့အကြုံရှိသူတွေ ဖြစ်စေ လိုကြောင်း၊ ၄င်းတို့ထံမှ မိမိသင်ယူလေ့လာဆည်းပူး လိုကြောင်း ပြောကြား နိုင်ပါတယ်။
  • အလုပ်ရှင်အနေ နဲ့ မိမိရဲ့အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို ကြိုက်ရင် မိမိ လျောက်ထားတဲ့ အလုပ်ကို မပေးရင်တောင် အခြားအလုပ်ကိုပေးတာမျိုး၊ သူတို့အလုပ်မှာ မိမိနဲ့သင့်လျော်တဲ့ အခြား ရာထူးကိုခန့်ထား ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အတွေ့ အကြုံရှိပြီး အသိဥာဏ်ပညာပြည့်ဝတဲ့ အလုပ်ရှင်က ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးကို ဖော်ထုတ်တွေ့ ရှိပြီး သင့်လျော်ရာအလုပ်ကိုလည်း ပေးနိုင်ပါတယ်။
  • ဒေါက်တာအောင်မျိုးရဲ့ အကောင်းဆုံးအလုပ်အင်တာဗျူးဖြေနည်း ဆိုတဲ့ဆောင်းပါးထဲမှာဖော်ပြထားတဲ့ “တကယ်တော့ အင်တာဗျူးဆိုတာ အလုပ်ခန့်မယ့်သူကဘဲမေး၊ ကိုယ်ကဖြေပဲဖြေရတာမျိုးမဟုတ်ဘူး၊ ကိုယ်သိချင်တာလည်း မေးကိုမေးရမယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ကို မခန့်လို့ရသလို့ ကိုယ်ကလည်း သူတို့ရဲ့ အဖွဲ့အစည်း အလုပ်ကို မကြိုက်ရင် မလုပ်ဘဲ နေလို့ရတဲ့အခွင့်အရေးရှိတယ်လေ” ဆိုတာ သိပ်ကို မှန်ပါတယ်။
  • ရရှိမယ့်လစာ အပြင် အခြားခံစားခွင့်တွေပေး-မပေး မေးမြန်းနိုင်ပါတယ်၊ နိုင်ငံခြားမှာတော့ အလုပ်ရှင်တွေက အလုပ်သမားကို ကျန်းမာရေးအာမခံထား ပေးရတာမျိုး ရှိပါတယ်၊ နေ့စဉ် သွားရေး လာရေးအတွက် စရိတ်စက ထောက်ပံ့ပေးတဲ့ အစီအစဉ်မျိုး လညှ်းရှိတတ်ပါတယ်၊ အချို့အလုပ်က လစာနည်း တယ်လို့ထင်ရသော်လည်း အခြားရပိုင်ခွင့် အမျိုးမျိုး ပေးထားတတ်ပါတယ်၊ ရာထူးတိုးပေးမှုနဲ့ပတ်သက်လို့ ဘယ်လိုအချက်တွေကို အခြေခံစဉ်းစားပါသလဲ၊ တတ်နိုင် သမျှ ကြိုးစားလုပ်ကိုင် လေ့လာသင်ယူမယ် ပြစ်ချက်လည်းမရှိဘူးဆိုရင် ဘယ်လောက်ကြာရင် ရာထူး တက်နိုင်ပါသလဲ စတာတွေကိုလည်း မိမိဘက်က ပြန်လည်မေးမြန်းဆွေးနွေး နိုင်ပါတယ်။
  • မိမိလျှောက်မယ့်အဖွဲ့အစည်းက လူတွေရဲ့ ခေါင်းဆောင်မှုအရည်အသွေး နဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း မိမိကို အင်တာဗျူးသူများကို ကြည့်ပြီးအကဲခတ်နိုင်ပါတယ်။ သမာသမတ်ရှိတဲ့လူကြီးလူကောင်းတွေဟုတ်-မဟုတ်၊ မိမိ အရည်အချင်းတွေ ပိုတောက်ပြောင်လာအောင်  မြှင့်တင်ပေးနိုင်တဲ့သူ ဟုတ်-မဟုတ် စသည်ဖြင့် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။၎င်းတို့ရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ကြိုက်နှစ်သက်မှုမရှိရင် မိမိ အပေါ်မှန်ကန်တဲ့ ခေါင်းဆောင်မှု ပေးနိုင်မှာမဟုတ်ဘူးလို့ ထင်ရင်  အဲဒီအလုပ်မှာ မလုပ်ဖို့လည်း ဆုံးဖြတ် နိုင်ပါတယ်။
မိမိရဲ့အရည်အချင်းတွေနဲ့ကိုက်ညီပြီး မိမိနဲ့သင့်လျော်ရာအလုပ်ကို ရကြပြီး၊ ဘ၀အောင်မြင်ရေးအတွက် အထောက်အကူပြုတဲ့အလုပ်မျိုးကို ရရှိကြပါစေ။
မြတ်ရတနာ
၅-၅-၂၀၁၄ (၀၀၄၅နာရီ)

0 comments :

Post a Comment